Rahim Ullah, a Rohingya refugee living in Camp 4, prays during the Rohingya Genocide Remembrance Day, in Cox’s Bazar, Bangladesh. August 2023. NURUL ABSAR. Report / Asia 06 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2023 20+ minutes သောကပင်လယ်ဝေရတဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်များ ရိုဟင်ဂျာ တစ်သန်းခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပိတ်မိနေပြီး ၎င်းတို့၏ နေရပ်ပြန်ရေး မျှော်လင့်ချက်မှာလည်း မှေးမှိန်နေသည်။ ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်မှုမြင့်တက်လျက်ရှိပြီး နိုင်ငံတကာအကူအညီကလည်း ကျဆင်းလာနေသည်။ Share Facebook Twitter Email Linkedin Whatsapp သိမ်းပါ မိတ္တူထုတ်ရန် (ပရင့်ထုတ်ရန်) Download PDF Full Report Also available in Chinese, Simplified Chinese, Simplified Burmese English Bengali အကြောင်းအရာအသစ်က ဘာလဲ - လက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများနှင့် လျော့နည်းလာသော လူသားချင်းစာနာမှု အကူအညီများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းများရှိ အခြေအနေမှာ ပို၍သာဆိုးဝါးလာသည်။ အဆိုပါ ဒုက္ခသည် စခန်းများသည် ၂၀၁၇မှစ၍ တစ်သန်းနီးပါး ပမာဏရှိသော ရိုဟင်ဂျာများ အတွက် ခိုလှုံရာဖြစ်သည်။ ဒါကာနှင့် နေပြည်တော်တို့သည် ရိုဟင်ဂျာများ နေရပ်ပြန်ရေးအတွက် ကြိုးပမ်းခဲ့ကြသော်လည်း ၎င်းတို့အတွက် လုံခြုံမှုမရှိခြင်း၊ နိုင်ငံသားဖြစ်ခွင့်မရနိုင်ခြင်းနှင့် အခြားသော လုံခြုံရေးအစီအမံများ ကင်းမဲ့ခြင်းတို့ကြောင့် ရိုဟင်ဂျာအများအပြား နေရပ်ပြန်ရေးမှာ လက်တွေ့မကျပေ။ ဘာကြောင့် ဒီအကြောင်းအရာက အရေးပါသလဲ - ဒုက္ခသည်များ နေရပ်ပြန်ရေးကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေသဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရိုဟင်ဂျာများ၏ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်နှင့် အလုပ်လုပ်ခွင့်တို့ကို တားမြစ်ပိတ်ပင်ထားသည်။ လူသားချင်း စာနာမှုအဖွဲ့အစည်းများအတွက် ချမှတ်ထားသော ကန့်သတ်ချက်များကြောင့် အကူအညီများ ထောက်ပံ့ရာတွင် ကုန်ကျစရိတ်က ပို၍မြင့်တက်လာသည်။ သို့ဖြစ်ရာ ဒုက္ခသည်များသည် မိမိဘဝ ရှင်သန်ရပ်တည်ရေးအတွက် ကြံမိကြံရာ ကြံစည်ကြ တော့သည်။ အချို့မှာ ရာဇဝတ်ဂိုဏ်းများတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်လုပ်ကိုင် ကြသလို အချို့မှာမူ အလွန်အန္တရာယ်များသော စွန့်စားရွှေ့ပြောင်းမှုခရီးစဉ်များတွင် လိုက်ပါကြသည်။ ဘာတွေလုပ်ဆောင်သင့်သလဲ - နိုင်ငံတကာအစိုးရများအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို တိုးမြှင့်ခြင်းဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ရင်ဆိုင်နေရသည့် စားဝတ်နေရေး အခက်အခဲများကို ချက်ချင်းဖြေရှင်းပေးနိုင်သည်။ ရိုဟင်ဂျာများရင်ဆိုင်နေရသည့် ဒုက္ခများသည် ကာလရှည်ကြာသည့် ပဋိပက္ခတစ်ခုအဖြစ် အသွင်ပြောင်းသွားနိုင်သဖြင့် ဒါကာအစိုးရအနေဖြင့် အလှူရှင်များထံမှ လူသားချင်းစာနာမှု အကူအညီများ ထိထိရောက်ရောက် ပေးအပ်နိုင်ရေးနှင့် ထိုအကူအညီများဖြင့် ဒုက္ခသည်များ ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ရေးတို့အတွက် လိုအပ်သော မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့မှုများ ပြုလုပ်သင့်ပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်စခန်းများ၏ လုံခြုံရေးအစီအမံများကို ပြန်လည်သုံးသပ်၍ ပြုပြင်သင့်သည်။ အစီရင်ခံစာ အနှစ်ချုပ် ရိုဟင်ဂျာတစ်သန်းနီးပါး ရခိုင်ပြည်နယ်အတွင်းက မိမိတို့နေအိမ်များကို စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံရသည်မှာ ခြောက်နှစ်ပင် ကျော်လွန်သွားပြီ ဖြစ်သော်လည်း ၎င်းတို့အတွက် နေရပ်ပြန်ရေးမှာ အရိပ်အယောင်ပင် မမြင်ရသေးပေ။ ၂၀၂၁ အာဏာသိမ်းမှုကြောင့် ရိုဟင်ဂျာများနေရပ်ပြန်ရေး မျှော်လင့်ချက်ရောင်ခြည် မှေးမှိန်သွားခဲ့ချိန်တွင် ၎င်းတို့ ပြွတ်သိပ်ကျပ်နေထိုင်ရာ ဒုက္ခသည်စခန်းများရှိ လုံခြုံမှုကင်းမဲခြင်းနှင့် စားဝတ်နေရေး ချွတ်ခြုံကျမှု ပြဿနာများသည် တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာသည်။ ဒုက္ခသည်စခန်းများကို ဗိုလ်ကျစိုးမိုးရေး အပြိုင်အဆိုင် ကြိုးပမ်းကာ အချင်းချင်းပစ်ခတ်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များနှင့် ရာဇဝတ် ဂိုဏ်းများရန်မှ ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် ဒေသအာဏာပိုင် အဖွဲ့အစည်းကလည်း မည်သို့မျှ အကာအကွယ်မပေးပေ။ နိုင်ငံတကာ အကူအညီကလည်း အလှူရှင်နိုင်ငံများ၏ ဦးစားပေးအစီအစဉ်များနှင့် ဘဏ္ဍာရေး အကျပ်အတည်းကြောင့် တဖြည်းဖြည်း ကျဆင်းနေသည်။ သို့သော် အခြေအနေကို ပိုမိုဆိုးရွားသွားစေသည်က ဒုက္ခသည်များ စားဝတ်နေရေးဖြေရှင်းရန် အလုပ်လုပ်ကိုင်ခွင့်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက တားမြစ်ပိတ်ပင်ထားခြင်းဖြစ်သည်။ အလှူရှင်များအနေဖြင့် ယခင်က ပေးအပ်ခဲ့သော လှူဒါန်းမှုပမာဏ ပြန်လည်ပြည့်မီအောင် အကူအညီများ အပူတပြင်း တိုးမြှင့်ပေးအပ်သင့်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ပူးပေါင်း၍ ဒုက္ခသည်များ အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်သည့်မူဝါဒကို ဖယ်ရှားပြီး ၎င်းတို့ မိမိကိုယ်ကို အားကိုးရပ်တည်နိုင်အောင် အားပေးသင့်ပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများကို စီမံအုပ်ချုပ်သည့်ပုံစံကို ပြုပြင်ပြောင်းလဲပြီး အုပ်ချုပ်မှုယန္တရားများတွင် ရိုဟင်ဂျာ အရပ်သားများ ပါဝင်မှုကို မြှင့်တင်ပေးသင့်သည်။ လွန်ခဲ့သည့် ၁၂လတာ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများသည် ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့များအကြား ပြင်းထန်သော တိုက်ပွဲများတွင် မြေစာပင်ဖြစ်ခဲ့ရသည်။ ယခင်ကလူသိများထင်ရှားသည့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(အာဆာ)နှင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့အစည်း (အာအက်စ်အို) တို့အကြား တိုက်ပွဲများအတွင်း ဒုက္ခသည်အများအပြား အသက်ဆုံးရှုံးခဲ့သည်။ ထို့ပြင် ၂၀၂၃အတွင်း ထိုအဖွဲ့များက ဒုက္ခသည်များကို ပြန်ပေးဆွဲငွေညှစ်၊ အကျပ်ကိုင်မှုများက ယခင်ကထက်စာလျှင် လေးဆခန့် မြင့်တက်ခဲ့သည်။ ယခင်ကဆိုလျှင် ထိုအဖွဲ့များအကြားက တိုက်ပွဲများသည် ညဘက်တွင်သာ ဖြစ်ပွားခဲ့သော်လည်း ယခုတွင်မူ ဓားတကိုင်ကိုင်၊ သေနတ်တရမ်းရမ်း စစ်သွေးကြွများကို နေခင်းဘက်တွင်ပါ မြင်တွေ့လာရပြီး ပြိုင်ဘက်များကို လုပ်ကြံသတ်ဖြတ်သည့်အပြင် ဒုက္ခသည် အရပ်သားများကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ ၂၀၂၀၊ ဇူလိုင်မှစ၍ ဒုက္ခသည်စခန်းများ၏ လုံခြုံရေးကို စတင်တာဝန်ယူသည့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ လက်နက်ကိုင်ရဲတပ်ရင်းတွင် ဒုက္ခသည်များကို အကာအကွယ်ပေးရန် လိုအပ်သော ရုပ်ဝတ္ထု၊ အရင်းအမြစ်များ အလုံအလောက်မရှိပေ။ ထိုမျှသာမက အဆိုပါရဲတပ်ရင်းသည် ဒုက္ခသည်များကို ကာကွယ်ရမည့်အစား ၎င်းတို့ကို ပြန်၍ပင် ဒုက္ခပေးတတ်ကြသည်။ အဆိုပါရဲတပ်ရင်းတပ်ဖွဲ့ဝင်များသည် ကူရာကယ်ရာမဲ့ဘဝရောက်နေသော ဒုက္ခသည်များကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းစသည့် ပြစ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုများ မကြာခဏ ထွက်ပေါ်ခဲ့သည်။ တစ်ဆက်တည်းတွင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ရိုဟင်ဂျာများအပေါ် ပေးအပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီကို တဖြည်းဖြည်း လျှော့ချခဲ့သည်။ ၂၀၂၂အတွင်း ကုလသမဂ္ဂသို့ နိုင်ငံများက လူသားချင်းစာနာမှုအဖြစ် ထည့်ဝင်လှူဒါန်းငွေမှာ ၆၃ရာခိုင်နှုန်းခန့်သာ ပြည့်မီခဲ့ပြီး ၂၀၂၃မှစ၍ ယနေ့အထိဆိုလျှင် ထည့်ဝင်လှူဒါန်းရန် ပြုထားသည့် ကတိကဝတ်များ အကြီးအကျယ် ကျဆင်းခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနေသော အဖွဲ့များသည် ၎င်းတို့၏ မရှိမဖြစ်လုပ်ငန်းများကို ကန့်သတ်၊ လျှော့ချရသည်။ အရေးကြီးဆုံးအဖြစ် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒုက္ခသည်များကို ပေးဝေနေသော အစားအသောက် ခွဲတမ်းများကို ဖြတ်တောက်ရတော့သည်။ ယခင်က ဒုက္ခသည်တစ်ဦးကို တစ်လလျှင် ၁၂ဒေါ်လာနှင့် ညီမျှသော စားနပ်ရိက္ခာများ ပေးအပ်ခဲ့သော်လည်း ယခုတွင်မူ ၈ဒေါ်လာအထိ လျှော့ချရသဖြင့် ဒုက္ခသည်တစ်ဦး၏ တစ်ရက်စာ စားနပ်ရိက္ခာမှာ ဒေါ်လာ ၂၇ဆင့် သာရှိတော့သည်။ ထိုသို့လျှော့ချမှုသည် ထိုအကူအညီများကိုသာ အားထားနေရသည့် ဒုက္ခသည်အများစုအတွက်မူ ကံဆိုးမိုးမှောင်ကျမှုပင်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ် လူ့အသိုင်းအဝိုင်းကို ဝင်ရောက်ရောနှောနိုင်ခြင်းမရှိအောင် ကန့်သတ်ချက်များထားရှိသဖြင့် ရိုဟင်ဂျာများအတွက် တရားဝင်အလုပ်လုပ်ကိုင်ရေးမှာ အလွန်ခက်ခဲလှသည်။ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲလိုက်သဖြင့် ကမ္ဘာတစ်ဝန်း မြင့်တက်လာသော စားသောက်ကုန် ဈေးနှုန်းသည် ရှိရင်းစွဲပြဿနာများကို ပို၍ဆိုးရွားသွား စေသည်။ အကူအညီများ ဖြတ်တောက်လိုက်ရသဖြင့် ရိုဟင်ဂျာဒုက္ခသည်များအကြားတွင် နောက်ဆက်တွဲအနေဖြင့် လူမှုရေးနှင့် ကျန်းမာရေးဆိုးကျိုးများ ခံစားလာရကြောင်း ဖြစ်စဉ်အချို့က သက်သေပြနေသည်။ ဥပမာ ကလေးသူငယ်များတွင် အာဟာရချို့တဲ့မှုနှုန်း မြင့်မားလာပြီး အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်များလည်း မြင့်တက်လာသည်။ ၂၀၁၈နှင့် ၂၀၁၉တို့တွင် ရိုဟင်ဂျာများကို နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုများ မအောင်မမြင် ဖြစ်ခဲ့ရပြီးနောက် ၂၀၂၃နှစ်ဆန်းပိုင်းတွင် နေပြည်တော်နှင့် ဒါကာတို့သည် ဒုက္ခသည်များနေရပ်ပြန်ရေး ရှေ့ပြေးစီမံချက်တစ်ခုကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြသည်။ ရှေ့ပြေးစီမံချက်၏ ပထမအသုတ်အဖြစ် ဒုက္ခသည် ၁,၀၀၀ကျော်ကို နေရပ်ပြန်ပို့ရန် စီစဉ်ခဲ့သည်။ တရုတ်၏ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် မိမိကိုယ်စီ အကြောင်းပြချက်များကြောင့် ထိုစီမံချက်ဖြစ်မြောက်အောင် ကြိုးပမ်းလျက်ရှိသည်။ ဒုက္ခသည်များကို နေရပ်ပြန်လည်ပို့ဆောင်ခြင်းသည် ၂၀၁၇ကဖြစ်ပွားခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်များကို အပြည်ပြည်ဆိုင်ရာတရားရုံးရှေ့မှောက်တွင် ကာကွယ်ရာ၌ မြန်မာစစ်တပ်အတွက် အထောက်အပံ့ဖြစ်စေနိုင်သည်။ ထို့ပြင် ထိုသို့နေရပ်ပြန်ပို့ရေးအစီအစဉ်အောင်မြင်ပါက ၂၀၂၄၊ ဇန်နဝါရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်း၏ပါတီသည် ပြည်သူလူထုထံမှ ထောက်ခံမဲများရရှိလိမ့်မည်ဟု ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက မျှော်လင့်ထားသည်။ သို့ရာတွင် လတ်တလောအခြေအနေများအရ ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးမှာ အောင်မြင်ဖွယ်မရှိပေ။ ဒုက္ခသည်အများစုသည် နေပြည်တော်က ၎င်းတို့အတွက် လုံခြုံသောပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးလိမ့်မည်ဟု မယုံကြည်သည့်အပြင် နေရပ်ပြန်ပြီးနောက်ပိုင်း ၎င်းတို့အတွက် အလိုအလျောက် နိုင်ငံသားဖြစ်ခွင့် အာမခံချက်လည်းမရှိသည်ကိုလည်း စိုးရိမ်ကြသည်။ ၎င်းတို့၏စိုးရိမ်ချက်များသည် အကျိုးမဲ့၊ အကြောင်းမဲ့ မဟုတ်ပေ။ အထူးသဖြင့် ၂၀၂၁အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အတွင်းက အခြေအနေအရပ်ရပ်မှာ ပိုမိုဆိုးရွားလာသည်။ နိုဝင်ဘာလအတွင်းက ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်လာသည့် ရက္ခိုင့်တပ်တော်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ရာ ဒုက္ခသည်များအဖို့ လုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့်လျော်ညီစွာ၊ မိမိသဘောဆန္ဒအတိုင်း နေရပ်ပြန်ရေးမှာ မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။ မြင့်တက်လာသည့် မလုံခြုံမှု၊ အကူအညီလျော့နည်းလာမှုနှင့် နေရပ်ပြန်ရေးနှောင့်နှေးမှု စသည့်ကိစ္စရပ်များသည် တစ်ခုနှင့်တစ်ခုအကြား နှီးနှောဆက်နွှယ်နေပြီး ထိထိရောက်ရောက် မဖြေရှင်းပါက ထိန်းချုပ်ရန်ခက်ခဲသည့် ပဋိပက္ခတစ်ခုဆီသို့ ဦးတည်လျက်ရှိသည်။ ၎င်းတို့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက ချမှတ်ထားသည့် ကန့်သတ်ချက်များကြောင့် ဒုက္ခသည်များသည် စားဝတ်နေရေးအတွက် အကူအညီများကိုသာ လုံးလုံးလျားလျား မှီခိုနေရပြီး ယင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ဘဏ္ဍာရေးအရ ဝန်ပိစေသည်။ ဒါကာအစိုးရ၏ ဒုက္ခသည်များအပေါ် ချမှတ်ထားသည့် မူဝါဒ ကန့်သတ်ချက်များသည် ပကတိအရှိတရားနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်နေလေသည်။ လက်တွေ့တွင်မူ သောင်းနှင့်ချီသော ရိုဟင်ဂျာများသည် ဒုက္ခသည်စခန်းများကို ဝန်းရံတည်ရှိနေသည့် မြို့ကြီးများတွင် တရားမဝင် အလုပ်လုပ်၍ စားဝတ်နေရေး ဖြေရှင်းနေရသည်။ အထူးသဖြင့် တရားမဝင် အလုပ်လုပ်ကိုင်ကြသည်ဖြစ်ရာ ၎င်းတို့ကို သက်ဆိုင်ရာအာဏာပိုင်များက မကြာခဏဆိုသလို ခြိမ်းခြောက်ငွေညှစ်လေ့ရှိပြီး လာဘ်ငွေများ တောင်းခံလေ့ရှိသည်။ ဆင်းရဲတွင်း နက်သထက်နက်လာသည့်အပြင် ဒုက္ခသည်စခန်းများတွင် မျှော်လင့်ချက်မဲ့စွာ ရှင်သန်နေထိုင်ရပြီး မြန်မာပြည်သို့ နေရပ်ပြန်ရေးမှာ ကြာမြင့်ဦးမည်ဖြစ်ရာ ရိုဟင်ဂျာ အများအပြားသည် မိမိဘဝအတွက် ခက်ခဲစွန့်စားသော ရွေးချယ်မှုများကို ပြုလုပ်လာကြသည်။ အချို့ရိုဟင်ဂျာအမျိုးသားငယ်များသည် လက်နက်ကိုင်အဖွဲ့များ (သို့မဟုတ်) ရာဇဝတ်ဂိုဏ်းများသို့ ဝင်ရောက်၍ စားဝတ်နေရေးအတွက် ဖြေရှင်းကြသလို အချို့ရိုဟင်ဂျာ မိသားစုများကလည်း ၎င်းတို့၏ ဆယ်ကျော်သက်သမီးငယ်များကို စောလျင်စွာ ထိမ်းမြားလက်ထက်စေခြင်းဖြင့် စားဝတ်နေရေး ချောင်လည်အောင် ခက်ခဲသော ဆုံးဖြတ်ချက်များ ရွေးချယ်ကြရသည်။ ထောင်နှင့်ချီသော သောကမီးပွေရသည့် ရိုဟင်ဂျာများသည် မလေးရှားသို့ အရောက်သွားမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အလွန်အန္တရာယ်များလှသော လမ်းခရီးများကို ရွေးချယ်ခဲ့ကြသည်။ ဒုက္ခသည်စခန်းပြင်ပ ထွက်ခွာခွင့်မရှိသော်လည်း ပမာဏမသိရသော ရိုဟင်ဂျာအများအပြားသည် အန္တရာယ်ရောပြွမ်း နေသည့် ရခိုင်ပြည်နယ်သို့ တိတ်တဆိတ် ပြန်လည်ဝင်ရောက်ခဲ့ကြပြီး အချို့ရိုဟင်ဂျာများကမူ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အခြားဒေသများတွင် ဇာတ်မြုပ်ပျောက်ကွယ်သွားကြသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်း၍ ဤဆိုးကျော့ သံသရာကွင်းစက်ကြီးကို ဖြတ်တောက်သင့်ပါသည်။ မြန်မာအာဏာပိုင်များကို ရိုဟင်ဂျာများ နေရပ်ပြန်ရေးအတွက် သင့်တင့်သော အခြေအနေများဖန်တီးပေးရန် တောင်းဆိုချိန် တစ်ဆက်တည်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ကာလရှည်ကြာသော ပဋိပက္ခ၏ သဘော၊ သဘာဝကို အသိအမှတ်ပြုပြီး ရည်ရှည်တည်တံ့သော တုံ့ပြန်ဖြေရှင်းမှု အခြေခံအုတ်မြစ်များ ချမှတ်သင့်ပါသည်။ နိုင်ငံတကာအလှူရှင်များကမူ ဒုက္ခသည်များ၏ ကိုယ့်အားကိုယ်ကိုးမှုကို မြှင့်တင်ပြီး လူသားချင်းစာနာမှုအကူအညီများအပေါ် မှီခိုမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရာတွင် အထောက်အပံ့ဖြစ်စေနိုင်သည့် ရှေ့ပြေးစီမံချက်များ ဖော်ဆောင်ရာတွင် ကူညီပေးသင့်ပါသည်။ သို့သော် ထိုသို့ဆောင်ရွက်ရန်ဆိုလျှင်မူ ဦးစွာ ဒါကာအစိုးရအနေဖြင့် ၎င်း၏မူဝါဒများကို ပြန်လည်သုံးသပ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ချက်များအပြင် အခြားစီမံချက်များကိုလည်း ခွင့်ပြုသင့်ပါသည်။ ကြားကာလတွင်မူ နိုင်ငံတကာအလှူရှင်များအနေဖြင့် ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားရေး လှူဒါန်းမှုများကို ယခင်ပေးအပ်ခဲ့သည့် ပမာဏအထိ ပြန်လည်ပြည့်မီအောင် ထည့်ဝင်ခြင်းဖြင့် ဒုက္ခသည်များ စားဝတ်နေရေးပြေလည်စွာဖြင့် ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်အောင် ကူညီပေးသင့်ပါသည်။ မြင့်တက်နေသည့် မလုံခြုံမှုကို ဖြေရှင်းပေးရန်ဆိုလျှင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်စခန်းများကို ထိန်းချုပ်ကွပ်ကဲသည့် ၎င်း၏ လုံခြုံရေးအစီအမံများကို ပြောင်းလဲသင့်ပါသည်။ ထို့ပြင် စခန်းများအတွင်းရှိ ဒုက္ခသည်များအရေး စီမံခန့်ခွဲရာတွင် အရပ်သားများ၏ ဦးဆောင်မှုကို ပိုမိုတိုးမြှင့်ပေးသင့်ပြီး ၎င်းတို့အား ဂုတ်သွေးစုပ်၊ အမြတ်ထုပ်နေသည့် ကိုယ်ကျိုးရှာ ရာဇဝတ်ဂိုဏ်းများကို ထိထိရောက်ရောက် နှိမ်နင်းသင့်ပါသည်။ ကော့ဘဇား၊ ဒါကာ၊ ဘရပ်ဆဲလ် ၂၀၂၃၊ ဒီဇင်ဘာ၊ ၅ရက် Related Tags More for you Report / Asia Beyond the Election: Overcoming Bangladesh’s Political Deadlock Also available in Also available in Bengali Event Recording / Asia Growing Violence, Dwindling Aid: Rohingya Crisis at an Inflection Point (Online Event, 28 December 2023)